ထာဝရ အလှူ ထာဝရကုသိုလ် |
ထာဝရ အလှူ ထာဝရကုသိုလ်
ရှေးလွန်လေပြီးသော နှစ်ပေါင်း ကုဋေကုဋာမကသည့် အချိန်လောက်ကဖြစ်သည်။ လူငယ်လေးတစ်ယောက်သည် ထီးဟောင်းလေး တစ်ချောင်းကို ဆောင်း၍ တောလမ်းခရီးတစ်ခုကို သွားနေခဲ့လေသည်။ လမ်းခရီးတစ်နေရာတွင် တောင်ကုန်းကလေးတစ်ခုရှိသည်။ ထိုတောင်ကုန်းလေး ပေါ်တွင် စေတီ အပြို အပျက်ကလေးတစ်ခု လည်း ရှိ၏။ ခရီးသွားလူငယ်သည် စေတီ ပျက်ငယ်လေးကို တွေ့သည်နှင့် တစ်စုံတစ်ရာကို သတိရသွားခဲ့လေသည်။ ထိုစေတီပျက်လေးသည် တစ်ချိန်က ပစ္စေက ဗုဒ္ဓါတစ်ပါး၏ ဓါတ်တော်တို့ကို ဌာပနာ၍ စေတီတည်ထားခဲ့တာကို ပြန်လည် သတိရလိုက် ခြင်းဖြစ်၏။ထိုသို့ သတိရ အသိဝင်သွားသည့် ခဏမှာပင် လူငယ်၏ စိတ်နှလုံးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်အပေါ် ကြည်ညိုသဒ္ဓါတို့ နိုးကြားလာလေသည်။ ထို့ကြောင့် ဆောင်းလာသည့် ထီးကလေးကိုချ၊ ဖိနပ်ကလေးကို ချွတ်ကာ စေတီပျက် လေးကို တရိုတသေ ဦးတိုက်ကန်တော့ မိရှာ၏။ ထို့နောက် တောင်ကုန်းလေးအနီးရှိ ရေအိုင် နံဘေးမှ ရွံ့မြေ တို့ကို တနိုင် တပိုင် နည်းနည်းချင်းစီ သယ်ယူကာ စေတီပျက်ကလေးကို ပြုပြင် မွမ်းမံနေခဲ့လေ၏။ တောင်ကုန်းအနီးရှိ ချောင်းစပ်သောင်ပြင်မှ သဲဖြူဖြူတို့ကို သယ်ယူကာ စေတီရင်ပြင် တွင် ခင်းကျင်းထားလိုက်လေသည်။ ပြီးလျှင် တောင်ကုန်းအတက်လမ်းကလေးကို လည်း လှေကားထစ်လေးများ အဖြစ်တူးဆွ ပြုပြင်ပြန်လေသည်။ အလုံးစုံပြီးသောအခါ ဆောင်းလာသည့် ထီးဟောင်းကလေးကို စေတီတော်လေးအတွက် တင်လှူကာ ပူဇော်လိုက်ပြန်သည်။ ပြီးမှ တောပန်းလေးများကို ခုးကာ စေတီတော်၏ ခြေတော်ရင်းမှာ ကပ်လှူပူဇော်လျက် စေတီတော်လေးကို ဦးတိုက်ကန်တော့လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ ဓါတ်တော် စေတီကလေး သည် ထိုလူငယ်၏ လုပ်အားဒါန ဖြင့် ထိုက်သင့်သလောက် သပ္ပါယ်တင့်တယ် သွားခဲ့လေတော့သည်။
လူလင်သည် သူ့နှလုံးအိမ်မှ သဒ္ဒါတရားထက်သန်စွာဖြင့် တတ်စွမ်းသမျှ ဖြည့်ကျင့်လိုက်ရသည့် လုပ်အားဒါန အလှူ ကုသိုလ်အတွက် အားရကြည်နူးနေလေသည်။ လွန်စွာကျေနပ်နေခဲ့လေသည်။ သူသည် ဂေါတမ ဗုဒ္ဓဘုရားရှင်၏ ငယ်နုစဉ်ဘ၀တစ်ခုမှ ဘုရားအလောင်းလျား တစ်ယောက်ပင်ဖြစ်၏။ ဘ၀ပေါင်းများစွာ ပါရမီ ဖြည့်ဆည်းပြီးနောက် ဤဘဒ္ဒကမ္ဘာ ၌သုံးလူ့ထွတ်တင် ဂေါတမ ဘုရားရှင် အဖြစ်ပွင့်ထွန်းပေါ် ပေါက်တော်မူခဲ့ခြင်းဖြစ်လေသည်။
ဂေါတမ ဘုရားရှင်သည် တစ်ခါက ရာဇဂြိုလ်ပြည်မှ ဝေသာလီပြည်သို့ ဆယ်မိုင်ခန့်ဝေးသော ခရီးကို ကြွချီတော်မူခဲ့လေသည်။ ဘုရားရှင်ကြွချီတော်မူရာ လမ်းတလျှောက်တွင် ဘုရားမင်းမြတ် နှင့်တကွ မှူးကြီးမတ်ရာ၊ သူဌေးသူကြွယ်၊ ပြည်သူလူထုတို့သည် ရွှေထီး၊ ငွေထီး၊ ပတ္တမြားထီး များဖြင့် အထပ်ထပ်ဆင့်ကာ ပူဇော်ခဲ့ကြလေသည်။ ထီးအပေါ်ထီးများဆင့်ကာ ပူဇော်ကြခြင်းဖြစ်သည်။ ထိုသို့ ကြီးကျယ်ခန်းနားစွာ ပူဇော်ခြင်းကို အကြိမ်ကြိမ် ခံတော်မူခဲ့ရလေသည်။
ထို့နောက် ခုနစ်ဝါမြောက် ၀ါဆိုမည့် ၀ါတွင်းကာလတွင် ဘုရားရှင်သည် တာဝတိံသာ နတ်ပြည်သို့တက်ကာ ၀ါကပ်တော်မူပြီးလျှင် နတ်ဘ၀ရောက်နေသည့် (သိဒ္ဓမင်းသားဘ၀ မယ်တော်) နတ်သားကို ကျေးဇူးဆပ်သည့် နေဖြင့် အဘိဓမ္မာ တရားတို့ကို ဟောတော်မူနေခဲ့လေသည်။ ၀ါတွင်းသုံးလ မြောက်၍ ၀ါကျွတ်ကာလတွင် လူ့ပြည်သို့ ပြန်လည် ကြွချီတော်မူခဲ့လေသည်။ ထိုနေ့သည် သီတင်းကျွတ်လပြည့်နေ့ ညဖြစ်သည်။ ထိုသို့ နတ်ပြည်မှ လူ့ပြည်သို့ ပြန်လည် ဆင်းသက် ကြွချီတော်မူခဲကစဉ်က မရေမတွက်နိုင်လောက်အောင် များပြာလှသည့် လူပေါင်းများစွာတို့သည် သင်္ကပ္ပနဂိုပြည်မှ စောင့်ကာ ဘုရားကို ကြိုဆိုဖူးမြော်နေခဲ့ကြ၏။ များပြားလှသော နတ်ဗြဟ္မာတို့သည် ဘုရားရှင်ကို လိုက်ပါပို့ဆောင်ခဲကကြလေသည်။ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း တည်းဟူသော စောင်းတန်းသုံးသွယ်ကို ဖန်ဆင်းကာ ဘုရားရှင်အားပူဇော်ခဲ့ကြလေသည်။ ရွှေစောင်းတန်းနှင့် ငွေစောင်းတန်း ခြံရံလျက် ပတ္တမြားစောင်းတန်းမှ လူ့ပြည်သို့ပြန်လည် ဆင်းသက်တော် မူလာသည့် ဘုရားရှင်ကို မရေမတွက်နိုငသည့် နတ်ဗြဟ္မာတို့သည် အထူးထူးသော ပူဇော်သက္ကာရမျိုးစုံ တို့ဖြင့် ပူဇော်ခဲ့ကြလေသည်။ ကောင်းကင်မှ ပန်းပွင့်များ ကြဲဖြန့်ပူဇော်ကြသည်မှာ ပန်းမိုးများ ရွာချသကဲ့သို့ ဖြစ်၏။ မြေပြင်တွင် ဒူးဆစ်မြုပ်လောက်အောင် ပန်းမွေ့ရာတို့ ပြည့်လျှံသွားခဲ့လေသည်။ ကောင်းကင်တွင် နတ်ဗြဟ္မာများ၊ မြေပြင်တွင်လူပရိသတ်များ ခြိမ့်ခြိမ့်သဲသဲ ပူဇော်ခဲ့ကြလေ၏။ ထိုသို့ မြတ်စွာဘုရား နတ်ပြည်မှ ကြွလာချိန်တွင် နတ်ဗြဟ္မာများလူအများ အမျိုးမျိုးအဖုံဖုံ ပူဇော်ခဲ့သည့် မြင်ကွင်းသည် အလွန်တရာ ထူးခြားအံ့မခန်း ဖြစ်ပြီး ကြည်နူးစရာ၊ ကြည်ညိုစရာ၊ အားကျစရာ ကောင်းလွန်းလှ၏။ ဖူးမြင်နေကြရသည့် သုံးယူဇနာ အကျယ်အ၀န်းမှ လူတို့ သည် ဘုရားရှင်၏ အဖြစ်ကို အားကျကြည်ညိုလွန်းသည့် သဒ္ဓါတရားဖြင့် အားလုံး ဘုရားဆုကို ပန်မိကြသည် အထိဖြစ်၏။ ထိုသို့ စကြာဝလာ တိုက်တစ်သောင်းထွန်းလင်း ရိုက်ခတ်သွားစေအောင် ကြီးကျယ်ခန်းနား စွာ အပူဇော် ခံတော်မူခဲ့ရခြင်းသည် ဘုရားအလောင်း နုစဉ်အခါက ပြုပြင် ပူဇော်ခဲ့ဖူးသည့် ကုသိုလ်လေးသည်လည်း ကြီးစွာသော အကြောင်းတရား တစ်ခု ဖြစ်ခဲ့ကြောင်းနှင့် ထိုကုသိုလ်၏ ထောက်အပံ့သည်လည်း ကြီးမားစွာ ပါဝင်နေခဲ့ကြောင်းကို ဘုရားရှင်က ပြန်လည် မိန့်ဟတော်မူခဲ့လေသည်။
ဘုရားအလောင်းတော်တို့သည် ကုသိုလ်ကောင်းမှုမျိုးစုံတို့ကို အလျဉ်းသင့်သလို အချိန်အခါ မရွေး စဉ်ဆက်မပြတ် ပါရမီမြောက်ဖြည့်ကျင့် တော်မူကြသည်ဟုလည်း ဗုဒ္ဓစာပေကျမ်းဂန် တို့၌ ပါရှိလေသည်။ ကုသိုလ်ကောင်းမှုမှာ အမျိုးများစွာရှိပါသည်။ ၄င်းတို့အနက် ထာဝရကုသိုလ်တို့ကိုမူ အလျဉ်းသင့်တိုင်း အထူးဦးစားပေးရွေးချယ်၍ ဖြည့်ကျင့်သင့်၏။ ထာဝရကုသိုလ် အမှုတို့တွင် အဓိကအားဖြင့် (၇)မျိုး ခွဲခြားထားလေ၏။
၁။ ဥယျဉ်ပန်းမန်ပြုလုပ်၍ လှူခြင်း
၂။သစ်ပင်၊ ၀ါးပင်ကြီးများကို အရိပ်အဖြစ် စိုက်လှူခြင်း၊
၃။ လမ်းဖောက်၊ လမ်းပြင်၍ လှူခြင်း၊
၎။ တံတားဆောက်လုပ်ကာလှူခြင်း။
၅။ရေအိုးစင် စသည့်ေ၇ကုသိုလ်ပြုခြင်း။
၆။ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ကျောင်း၊ ဇရပ်၊စေတီ၊ ပုထိုးတော် တို့ဆောက်လုပ်တညထားကာ လှူဒါန်းခြင်းဟူ၍ မှတ်သားခဲ့ရဖူးပါသည်။
ဂေါတမဘုရားရှင် ငယ်စဉ် နုစဉ်တစ်ဘ၀က ပစ္စေကဗုဒ္ဓါ၏ ( အရိုးအိုး) ဓါတ်တော် စေတီပျက်ကလေးကို ပြုပြင် ပူဇော်ခဲ့သည့် ကုသိုလ်သည် ထာဝရကုသိုလ် စာရင်းဝင်ဖြစ်သည်။ ထာဝရကုသိုလ်သည် ထိုကုသိုလ်အလုပ်၊ ကုသိုလ်ပစ္စည်းတည်တံ့ နေသလောက် ကုသိုလ် ကံစွမ်းအားတို့ အထပ်ထပ်ရရှိနေသည်ဟုလည်း (ေယ်ဘုယ်မွ်) နားလည်မှတ်သားဖူးပါသည်။
ယခု ကျွန်တော်တင်ပြလိုသည်မှာ ဒါန၊ ကုသိုလ်တို့ကို (လုပ်အားဒါနပင်ဖြစ်စေ) စေတနာ၊ သဒ္ဓါတရား၊ အသိဥာဏ်ပညာတို့ စုံညီစွာဖြင့် ဖြည့်ကျင့်ပေးခဲ့ပါလျှင် ပစ္စုပ္ပန်ဘ၀မှာရော၊ သံသရာမှာပါ အကြိမ်ကြိမ်မျှ ကြီးကျယ်စွာ ကောင်းကျိုးပေးတတ်သည်ဟူသော အချက်ကို သိစေလိုခြင်း ဖြစ်ပါသည်။
ထိုက်သင့်သည့် ကိုယ်ကျင့်သီလကို အခြေခံ၍ ပြုသောဒါန၊ ကုသိုလ်တို့သည် အကျိုးပေး ကြီးကျယ်တတ်ကြောင်း ဗုဒ္ဓဓမ္မစာပေတို့တွင် အတိအကျ ပြဆိုထားပါသည်။ ဆရာတော်၊ သမားတော် တို့ကလည်း တိကျစွာ ပြန်လည်ဟောဆိုထားကြပြန်လေသည်။ ကျွန်တော်တို့ ပုထုဇဉ်မျှသာ ဖြစ်သည့် သာမာန်တို့ဘ၀တွင် ယတြာအဖြစ် ( မကောင်းကျိုးပပျောက်၍ ကောင်းကျိုး ရောက်စေရန် ရည်စူး၍) ပြုလုပ်သော ကုသိုလ်တို့ကိုပင် စေတနာ၊ သဒ္ဓါထက်သန်စွာနှင့် (ဥာဏ်ဖြင့်ယှဉ်ပြီး) ကောင်းမွန်ရိုသေစွာပြုသင့်လှပါသည်။ ယတြာဟုသာမာန်မျှ မပြုသင့်။ တရိုတသေ တလေးတစား ဖြင့် ကောင်းမွန်ရိုသေစွာ ပြုက ကုသိုလ်ကံမြောက်ကာ ကောင်းကျိုးခံစားရပေမည်။
တံတားဆောက်ခြင်း၊ တံတားပြုပြင်ခြင်း၊ လမ်းပြင်ခြင်း၊ လမ်းခင်းခြင်း၊ လမ်းမှာ တံမြက်လှဲခြင်း၊ ဘုရားရင်ပြင် တံမြက်လှဲခြင်း၊ ကျောင်းဆာက် ဘုရားတည်သော နေရာတို့တွင် တတ်နိုင်သမျှ လှူခြင်း၊ လုပ်အားဒါန လှူခြင်း၊ ရေလှူခြင်း၊ ဆွမ်းကပ်လှူခြင်း၊ သင်္ကန်း၊ ထီး၊ ဖိနပ်လှူခြင်းတို့မှ အစ သ်စပင်စိုက်ခြင်း၊ သ်စ်ပင် ပြုပြင်ခြင်း၊ ညောင်ထောက်ခြင်း၊ ငှက်လွှတ်ခြင်း၊ ငါးလွှတ်ခြင်း၊ ဒုက္ခိတများကို တတ်နိုင်သမျှ စွန့်ကြဲလှူဒါန်းခြင်း စသည့် အလှူဒါန ကုသိုလ်တို့ကို အလျဉ်းသင့်သလို ပြုလုပ်ပေးခြင်းဖြင့် မိမိ၏ ကုသိုလ်ကံတို့ကို မြှင့်တင်ပေးနသင့်၏။ ထိုသို့သောအလှူ ဒါနကိုသိုလ် စွမ်းအားတို့ကြောင့် ဒုက္ခရန်ဘေးတို့မှ လွတ်မြောက်ကြသူ၊ အသက်ဘေးမှ လွတ်မြောက် ကြသူများစွာရှီနေခဲ့ကြောင်းကိုလည်း လက်တွေ့သာဓကဖြစ်စဉ်များ ၊ စာပေကျမ်းဂန်မှ မှတ်တမ်းများ များစွာရှိ နေခဲ့ပါသည်။
ကံဇာတာညံ့ခြင်းကို ကုသိုလ်ကောင်းမှု အလုပ်များစွာဖြင့်သာ ပြုပြင်နိုင်၏။ ထိုကုသိုလ်တို့သည် ထာဝရ ကိုသိုလ်ဖြစ်က ပိုပြီးစွမ်းအားကြီးမားတတ်ကြ၏။ ကျောင်းဇရပ်၊ ဆေးရုံ၊ ဓမ္မာရုံ၊ လူအိုရုံ၊ တရားရိပ်သာ စသည့် နေရာတို့တွင် ဆွမ်းအတွက်၊ ရေအတွက်၊ အစာအာဟာရအတွက် ငွေပဒေသာ အဖြစ်ထည့်ဝင် စိုက်လှူခြင်းသည်လည်း ထာဝရ ကုသိုလ်ပင် ဖြစ်သည်။
ထို့ပြင် နေ့စဉ် ဆွမ်းတော်ကပ်ခြင်း၊ ရေတော်ကပ်ခြင်း၊ ပန်းတော်ကပ်ခြင်း၊ ဆွမ်းလောင်းလှူခြင်း၊ ပန်းတော်ကပ်ခြင်း၊ ပရိတ်တော် ပဌာန်းတော် ဂုဏ်တော်တို့ ပွားထုံခြင်း တို့ကို အာစိဏ္ဏကံ မြောက်အောင် နေ့စဉ် ဖြည့်ကျင့်ပေးခြင်းဖြင့်လည်း မိမိတို့၏ ကံဇာတာ (ကုသိုလ်ကံ) တို့ကို မြှင့်တင် ပေးနိုင်၏။
ယတြာအဖြစ်ဆောက်ရွက်တာပင် ဖြစ်စေ အလှူဒါန၊ ကုသိုလ်ရေးအလုပ်တစ်ခု အဖြစ် ကျကျနနပြုသင့်သည် တရိုတသေပြုသင့်သည်ဟု ကျွန်တော်ခံယူထား၏။
ကြီးကျယ်သော စေတနာ၊ ကြီးကျယ်သော သဒ္ဓါတရားတို့ကို အခြေခံကာ အသိဥာဏ် ပညာဖြင့် ကျနသေချာစွာ၊ ရိုသေစွာဖြည့်ဆည်းသော ကုသိုလ်ကောင်းမှုတို့သည် ( အလှူဒါန ပစ္စည်း၊ ကုသိုလ်အလုပ်သေးငယ်သည်ပင်ဖြစ်စေ) ပစ္စက္ခ ဘ၀မှာရော၊ သံသရာမှာပါ ကြီးကျယ်စွာ ကောင်းကျိုးပေးတတ်ကြောင်းကို ကျွန်တော် မှတ်သားမိသမျှ၊ လက်ခံယုံကြည်ထားသမျှကို ပရိတ်သံထံ စေတနာ ရှေ့ထား၍ ရေးသားတင်ပြလိုက်ရပါသည်။
(နေလ ဂျာနယ် အမှတ် ၃၃၈ မှ စာရေးသူ သက်နှင်းဆွေ (ပုပ္ပါး) ၏ ထာဝရအလှူ ထာဝရကုသိုလ် ဆောင်းပါးကို ဖော်ပြခြင်းဖြစ်သည်)

http://lovelove1349.multiply.com
--
No comments:
Post a Comment