by Han Thit Nyeim on Friday, January 4, 2013 at 7:24am ·
ပြီးခဲ့တဲ့ ဆောင်းပါး ဟာသ ပဟေဠိ (၁) မှာ တွေးလိုက်ရယ်လိုက် ဖြစ်စေမယ့် ပဟေဠိတွေကို စုဆောင်းပြောပြခဲ့ပါတယ်။
အဲဒါတွေ ပြောရင်း ငယ်ငယ်က သင်္ကြန်ရေပက်ခံလည်ရင်း ကြားခဲ့တဲ့ သံချပ်လေးတွေကို ပြန်သတိရမိပါသေးတယ်။ ဘယ်တုန်းက ဘယ်သူတွေ စပြီး ထွင်ခဲ့တယ်တော့ မသိပါဘူး။
ကြားလိုက်ရရင်ဖြင့် မရယ်ဘဲကို မနေနိုင်ပါဘူး။အပျိုပိန်ပိန် ရေမစိမ်နဲ့ ...(သံပြိုင်ဆို) အီကြာကွေး ... အီကြာကွေးအပျိုဝဝ ရေမချနဲ့ ...(သံပြိုင်ဆို) မုန့်ဖက်ထုပ် ... မုန့်ဖက်ထုပ်အမေ့ချွေးမ ပျောက်လို့ရှာ ...(သံပြိုင်ဆို) တွေ့ပြီ .. တွေ့ပြီ .. သူပဲ .. သူပဲနီနီရဲရဲ ပြဲပြဲကြီး...(သံပြိုင်ဆို) ဖရဲသီး ... ဖရဲသီးအမွှေးဖွားနဲ့ အရိုးရှည် ...(သံပြိုင်ဆို) စားလိုက်စမ်းပါ ... ပြောင်းဖူး .. ပြောင်းဖူးမည်းမည်းကြီးနဲ့ အပေါက်ပါ ...(သံပြိုင်ဆို) ကြံကြံဖန်ဖန် ... ဘုန်းကြီး သပိတ်မည်းမည်းကြီးနဲ့ အရိုးရှည် ...(သံပြိုင်ဆို) ဆောင်းလိုက်စမ်းပါ ... ထီးကောက် .. ထီးကောက်အလုံးကြီးပြီး အပေါက်လှတာ(သံပြိုင်ဆို) ဟိုကောင်မလေး ရေအိုး ရေအိုးအချောင်းကြီးက ရေထွက်ရင်(သံပြိုင်ဆို) မကြောက်ပါနဲ့ ရေပြွတ် ရေပြွတ်
အဲဒါကတော့ ပဟေဠိဆန်ဆန် သံချပ်တွေပဲ ဖြစ်ပါတယ်။ ဘယ်လို အတွေးတွေနဲ့ များ ရေးခဲ့တယ် မသိဘူး ကြားမိတိုင်း ရယ်ချင်နေမိလောက်အောင်ကို ရသမြောက်ပါတယ်။
ဒီတစ်ခါမှာတော့ ပြီးခဲ့တဲ့ ဆောင်းပါးထဲက ဆင်တူရာ ပဟေဠိမူကွဲလေးတွေကို ရွေးနုတ်ပြီး ပြောပြချင်ပါသေးတယ်။ ရှင်သန်ရာ ဒေသကိုလိုက်ပြီး နားယဉ်အောင်၊ မရိုင်းအောင် ပြောင်းလဲ ပြောဆိုရာကနေ ပဟေဠိမူကွဲတွေလည်း အမျိုးမျိုး ရှိခဲ့ပါတယ်။
အမေး။ ။ အဖြူပေါ် အနီတက် အဖြူအရည်ထွက်
အမေး။ ။ မရွှေဝါ ကိုယ်တော်တွေ့ခါမှ ဖြူဖွေးသည့် သူ့ခန္ဓာ ပျက်ကြွေရရှာ
အဖြေ။ ။ ဖယောင်းတိုင်
အမေး။ ။ ငစိမ်းပေါ် ငဖြူတက်၊ ငနီလာမှ သွေးတွေထွက်
အမေး။ ။ အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်
အဖြေ။ ။ ကွမ်းရွက်၊ ထုံးဖြူ၊ ရှားစေး (ကွမ်းယာ)
အမေး။ ။ ငစိမ်းပေါ် ငဖြူတက်၊ ငလုံးနှက်တော့ သွေးထွက်တယ်
အဖြေ။ ။ ကွမ်းရွက်၊ ထုံးဖြူ၊ ကွမ်းသီး (ကွမ်းယာ)
အမေး။ ။ သူ့ထဘီဆွဲချွတ်၊ သူ့အမွှေးဆွဲနုတ်၊ အစေ့တွေငုတ်တုတ်
အမေး။ ။ တစ်ဆုပ်ကယ်သာသာ၊ တစ်ထွာရယ်ပြင်းပြင်း၊ အပတ်ကိုဖြဲလို့ အမွှေးကိုနုတ်၊ အလယ်ကောင်မှာ အစေ့တွေငုတ်တုတ်
အမေး။ ။ ငယ်စဉ်က ဆံပင်ဖြူ၊ ကြီးလာမူ ဆံပင်နက်၊ တစ်သက်လုံးကလေးထိန်းလျက်
အမေး။ ။ ပါဝါခြုံ လုံပါဘိ၊ ဆံမြိတ်ချ လှပါဘိ၊ ကျောက်တန်းစီ ညီပါဘိ
အဖြေ။ ။ ပြောင်းဖူး
မေး။ ။ ဖူးခနဲထောင်၊ ဖောင်ခနဲရဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ
မေး။ ။ ဖူးခနဲယောင်၊ ထောင်ခနဲထ၊ အာလံရဲ တွဲလဲကျ
မေး။ ။ နီတာရဲ တွဲလဲကျ
ဖြေ။ ။ ငှက်ပြောဖူး
မေး။ ။ ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ
မေး။ ။ အသီးပေါ် အပင်ပေါက် ခြေထောက်တစ်ချောင်းထောက်
ဖြေ။ ။ နာနတ်သီး
ဒီတစ်ခေါက် ဆောင်းပါးမှာတော့ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ၊ ခန္ဓာဇီဝ ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ ပဟေဠိတွေကို ပြောချင်ပါတယ်။ လူဆိုတာက အင်မတန်မှ ဉာဏ်သွားတဲ့ သတ္တဝါတွေဆိုတော့ "လူ" ဆိုတာကိုလည်း ပြန်ပြီး ပဟေဠိ ဖွက်လိုက်ပါသေးတယ်။
အမေး။ ။ နံနက်ချိန် ခြေလေးချောင်း၊ နေ့လယ်မှာ ခြေနှစ်ချောင်း၊ ညနေရောက်တော့ ခြေသုံးချောင်း
အဖြေ။ ။ လူ
ဆိုလိုတာက နံနက်နေထွက်ချိန်လို့ တင်စားရနိုင်တဲ့ လူ့ဘဝရဲ့ ငယ်ရွယ်စဉ်မှာ လူဟာ လေးဘက်ထောက်သွားရပြီး၊ ဘဝအလယ်ဆိုတဲ့ နေ့လယ်ချိန်မှာတော့ ခြေနှစ်ချောင်းဖြင့် သွားရပြန်ပါတယ်။ အိုမင်းရင့်ရော်လာတဲ့ ဘဝနေဝင်ချိန်မှာတော့ တောင်ဝှေးကို အဖော်ပြုလို့ ခြေထောက်သုံးချောင်းနဲ့ သွားရတာကို တင်စားပြောဆိုထားတာပါ။
လှိုင်ထိပ်ခေါင်တင်ရဲ့ တေးထပ်တစ်ပုဒ်ကို တင်ပြချင်ပါတယ်။ အဲဒီတေးထပ်မှာ အမျိုးသမီးများရဲ့ ဖြစ်စဉ်သဘာဝကို လှပစွာ တင်စားရေးဖွဲ့ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အပျိုဖော် ရွယ်မစေ့ခင်ကငယ်ဓလေ့ ဂေါရီဘယ်အလေ့ လောကီကိုဇော မသီခင်ကစံပယ်ခက် နှစ်စုံပင်မှာမငုံခင်တုန်းက အစ။ပန်းဒွါရ ဆင့်စီငယ်မပွင့်မီကာလကျင့်ဝသီ စာဂနဲ့ခါ ပထမအရွယ်ငယ်သွားတွေ ကြွေမလဲခင်ကမေအမြဲ ချစ်ဖို့ကြံရွယ်။ကလေးစိတ် ဓာတ်မပြယ်ခပ်ငယ်ငယ် စာမတတ်ခင်ကကညာနတ် တောင်းဆုပွေလီကောင်းမှုစေတီစိတ်မှန်းနဲ့ မေကျောက်ချီသည်သွေဖောက်ပြီ နိုင်ဘူးဖျာ့လေး။ ။
"စံပယ်ခက် နှစ်စုံပင်မှာ မငုံခင်တုန်းက အစ"... "ပန်းဒွါရ ဆင့်စီငယ် မပွင့်မီကာလ" ဆိုတဲ့ အပိုဒ်တွေမှာ ကနောင်ကိုယ်တော်ကြီးကို ချစ်မိတဲ့ လှိုင်ထိပ်ခေါင်တင် မင်းသမီးရဲ့ အရိုင်းကို အယဉ်ဖြစ်အောင် ရေးဖွဲ့ဖန်တီးသွားတာတွေကို တွေ့နိုင်မှာပါ။
မုဒုလက္ခဏဇာတ်တွင် တွင်းသင်မင်းကြီးသည် ဇာတ်ဆောင် မုဒုလက္ခဏ မိဖုရားကြီး၏ နှုတ်ခမ်းအား အောက်ပါအတိုင်း...
"နှိုင်းဆတူတမ်း၊ နှုတ်ခမ်းထွာမွတ်၊ ကွမ်းမစွတ်လည်း၊ တွတ်တွတ်လျှံမောင်း..."
ဟူ၍ရေးဖွဲ့ခဲ့ပြီး တစ်ဖန် ရင်သားကိုလည်း...
"နှစ်ဆူလဝန်း၊ ဝိဒေကျွန်းက၊ ပေါ်ထွန်းသော့ယောင်၊ ရွှေနန်းချောင်ဝယ်၊ အရောင်ပေါင်းစု၊ စောမုဒု၏။ ဖွံ့နုပျို့ပျို့၊ ရွှေရင်စို့ကို..."
ဟူ၍ ရေးဖွဲ့ခဲ့ပြန်ပါသည်။ ကျွန်တော်တို့ ဒီဘက်ခေတ်အခေါ်ဆိုရင်တော့ ဘလိုင်းကြီး ဖြဲမရှိုးဘူးပေါ့ဗျာ။ ပါးပါးလေး လှပ်ပြီး ကလိပြတဲ့ သဘောပေါ့ဗျာ။
ခုလောက်ဆိုရင်ဖြင့် ကိုယ်ခန္ဓာ၊ ကိုယ်ခန္ဓာဖြစ်စဉ်တွေနဲ့ ဆိုင်တဲ့ ပဟေဠိတွေရဲ့ သဘောကို ရိပ်စားမိပြီမို့ အနည်းငယ် မြည်းစမ်းဖြေဆို ကြည့်ရအောင်ဗျာ။ မေးခွန်း အများစုကို "မြားနတ်မောင် ပဟေဠိ" စာအုပ်ထဲကနေ ကိုးကားထားတာဖြစ်ပါတယ်။ စဉ်းစားရလွယ်အောင် သဲလွန်စ ပေးလိုက်ပါမယ်။ အများစုက ကိုယ်ခန္ဓာ အပေါ်ပိုင်းနဲ့ပဲ ဆိုင်ပါတယ်။ အောက်ပိုင်းနဲ့ ဆိုင်တဲ့ မေးခွန်းတွေ မပါသေးပါဘူး။ မဖြေနိုင်လို့လည်း စိတ်ဓာတ်မကျပါနဲ့။ အဖြေတွေကို ဆောင်းပါးရဲ့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။
ကိုယ်ခန္ဓာ အစိတ်အပိုင်းများ
၁) သေတ္တာကလေး တစ်ထွာလောက် အပေါက် ခုနှစ်ပေါက်
၂) ကန်ထက်မှာ ပြွန်၊ ပြွန်ထက်မှာ ပတ္တမြားလုံး၊ ပတ္တမြားလုံးထက်မှာ ပြင်၊ ပြင်ထက်မှာတော၊ တောထက်မှာ ကျား။
၃) ညီအစ်ကို နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မမြင်ကြ။
၎) အပင်နွဲ့နှောင်း အသီးဖောင်းဖောင်း မစားကောင်း
၅) သူ့အပင်က တရုံးကြီး၊ သူ့အသီးက တစ်လုံးတည်း
၆) ထုလို့မပြား၊ ထောင်းငြားမကြေ၊ ရာကုဋေပွား၊ လူ့ထိပ်ဖျား
၇) ကြံမည်းတစ်ရုံ၊ ခုတ်မကုန်
၈) ပတ္တမြားနှစ်လုံး ကြားကလာ၊ ဧရာမတောင်မင်း၊၊ အနားကို တစ်ခါရောက်၊ လူသောက်တဲ့တွင်း
၉) ရေကန်ကလေးတွေ ကြည်ကြည်၊ ဆူးပင်ကလေးတွေ စီစီ
၁၀) ရေအိုင်စိမ့်စမ်း၊ ဆိပ်ကမ်းသာယာ၊ ဆူးခက်ကလေးတွေကာ
ကိုယ်ခန္ဓာ ဖြစ်စဉ်များ
၁၁) မင်းသားငဖြူ ထွက်တော်မူ၊ ရန်သူငါးယောက် ဖမ်းဖို့ရောက်၊ နှစ်ယောက်သောသူ ဖမ်းလို့ယူ
၁၂) ငါးယောက်က သယ်၊ သုံးဆယ်က ထောင်း၊ ဖျာကြီးနဲ့ လိပ်၊ ဂူကြီးထဲသွင်း
၁၃) နှစ်ယောက်က မြင်၊ ငါးယောက်က ခူး၊ သုံးဆယ်က စား၊ တစ်ယောက်တည်းက အရသာခံသည်
၁၄) တောင်နှစ်လုံးကြားမှာ ဖိုးသူတော်နှစ်ပါး ထွက်ပေါ်လာသည်။ လူမည်းကြီး ငါးယောက်က ဆွဲပစ်သည်
ဒီတစ်ခေါက်တော့ စာရှည်သွားပြီမို့ ဒီမှာပဲ ရပ်ပါရစေ။ နောက်ဆောင်းပါး အပိုင်း (၃)မှာ အနည်းငယ် ကျန်သေးတဲ့ ပဟေဠိတွေ အကြောင်းကို ဆက်လက်တင်ဆက်သွားပါဦးမယ်။ စကားမစပ်ပြောချင်တာ တစ်ခုက အဲဒီခေတ်က စကားထာတွေအရ အဲတုန်းက လူတွေခေါင်းမှာ သန်းတွေ၊ သန်းဥတွေ အတော်ပေါ်မယ်လို့ ထင်မိပါရဲ့။ (Head & Shoulder တို့ ဘာတို့ မပေါ်သေးလို့ဖြစ်မယ်)
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
===========================================
၁) လူ့ဦးခေါင်း ရှေ့ပိုင်း (မျက်စိ ၂ပေါက်၊ နား ၂ပေါက်၊ နှာခေါင်း ၂ပေါက်၊ ပါးစပ် ၁ပေါက်၊ စုစုပေါင်း ၇ပေါက်)
၆) ဆံပင်
၁၁) နှပ်ညှစ်ခြင်း (မင်းသားငဖြူ = နှပ်၊ ရန်သူငါးယောက် = လက်ငါးချောင်း၊ နှစ်ယောက်သောသူ = လက်မနှင့် လက်ညှိုး)
၂) လူ့ဦးခေါင်း တစ်ခုလုံး (ကန် = ပါးစပ်၊ ပြွန်၊ နှာခေါင်းပေါက်၊ ပတ္တမြားလုံး = မျက်စိ၊ ပြင် = နူး၊ တော = ဆံပင်၊ ကျား = သန်း)
၇) ဆံပင်
၁၂) အစာစားခြင်း (ငါးယောက် = လက်ငါးချောင်း၊ သုံးဆယ် = သွားများ၊ ဖျာ = လျှာ၊ ဂူ = အာခံတွင်း)
၃) မျက်စိနှစ်လုံး
၈) ပါးစပ် (ပတ္တမြားနှစ်လုံး = မျက်စိ၊ ဧရာမတောင်မင်း = နှာခေါင်း၊ လူသောက်တဲ့တွင်း = ပါးစပ်)
၁၃) အစာစားခြင်း (မျက်စိနှစ်လုံးက မြင်၊ လက်ငါးချောင်းက ခူး၊ သွားဆုံးဆယ်က စား၊ လျှာက အရသာခံသည်)
၎) ဆံပင်နှင့်သန်းဥ
၉) မျက်လုံးနှင့် မျက်တောင်များ
၁၄) နှပ်ညှစ်သည် (တောင်နှစ်လုံးကြား = နှာခေါင်းနှစ်ပေါက်၊ ဖိုးသူတော်နှစ်ပါး = နှပ်၊ လူမည်းငါးယောက် = လက်ချောင်းများ)
၅) ဆံပင်နှင့် ဆံထုံး (သျှောင်)
၁၀) မျက်လုံးနှင့် မျက်တောင်များ
ကိုးကား၊ မှီငြမ်း
မြန်မာ့ရိုးရာ စကားထာများ၊ ကြည်ဦး
မြားနတ်မောင် ပဟေဠိ (၁၊ ၂)၊ လွဏ်းမောင်
ကလျာမိမိမုန်း၊ ဒေါင်းနွယ်ဆွေ
ခရီးဆောင် မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့ ဦးစီးဌာန
Related Posts:
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/04/2013 10:43:00 PM
No comments:
Post a Comment