Pages

Dec 20, 2012

မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း-တောသားလေး(မြန်အောင်)


မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း-တောသားလေး(မြန်အောင်)


*အနာဂတ်အတွက် လမ်းပြကြယ်*

Posted: 22 Nov 2012 03:00 AM PST

ကျွန်တော် ဒီဆောင်းပါးလေးကို ရေးဖြစ်စေတဲ့ အကြောင်းရင်းက ကျွန်တော်၏
ကျေးဇူးရှင် မွေးဖခင်၏ စကားကြောင့်ဖြစ်ပါတယ်။ ဟင်္သာတ တက္ကသိုလ်
နှစ်လည်မဂ္ဂဇင်းစာမူတွေ လက်ခံနေပြီ အဖေလို့ ပြောတော့ အဖေက ပြောတယ်။ "လူလေး
လူငယ်တွေနဲ့ ပတ်သက်တာလေးတွေ ရေးပါလားတဲ့"၊ ဟုတ် အဖေ ဘာဖြစ်လို့လဲခင်ဗျ၊
"ခုခေတ် တစ်ချို့ချို့သော လူငယ်တွေရဲ့ ပြော၊ ဆို၊ နေထိုင် သွားလာမှု
အကျင့်စရိုက်တွေ၊ ပညာရေးပန်းတိုင်ကို အရောက်မလှမ်းနိုင်ပုံတွေကြောင့်
ကျေးလက်နေ မိဘတော်တော်များများက သူတို့၏ သား သမီးရင်သွေးတွေကို တက္ကသိုလ်
ပို့ရမှာ ကြောက်နေကြသလို ဖြစ်နေလို့ပါ" ဟု အဖေ က ကျွန်တော့်ကို
ပြန်လည်ရှင်းပြပါတယ်။
ကျွန်တော်တို့ တက္ကသိုလ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ကျောင်းသား
ကျောင်းသူများ လာရောက်ပြီး ပညာဆည်းပူးကြပါတယ်။ အဲဒီ ကျောင်းသား ကျောင်းသူ
အားလုံးသည် မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆိုသော အတန်းများကို
အောင်မြင်ပြီး တက္ကသိုလ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်ကို အားလုံးသိပြီး
ဖြစ်ပါတယ်။ သားတို့ သမီးတို့ ငယ်ငယ်တုန်းက တက်ခဲ့ရသော ကျောင်းများတွင်
"အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက"၊ "ရိုးရိုးနှင့် ဟဉ်ယဉ်တို့
ဝတ်စားဆင်ယင်"၊ "ကျောင်းမှန်မှန်တက် စာမခက်"၊ ဟူသောဆောင်ပုဒ်များကို
ရွက်ဆိုလေကျင့်၍ ဖြတ်သန်းလာခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို
ဖြတ်သန်းလာခဲ့ရသည့် အခြေခံပညာအဆင့်တွင် သင်ကြားပေးလိုက်သော စိတ်ဓါတ်တွေ၊
စည်းကမ်းတွေ၊ ပညာတွေကို သားတို့ သမီးတို့အနေနဲ့ တက္ကသိုလ်ကြီးဆီသို့
ဆက်လက်ပြီး ဆောင်ယူလာသင့်ပါတယ်။
တက္ကသိုလ်ကျောင်းတော်ကြီးတွင် အများနှင့် ပူပေါင်းနေထိုင်ရခြင်းဖြစ်၍
ကိုယ်နေချင်သလို နေလို့မရပါ။ ကျောင်းမှထုတ်ပြန်ထားသော စည်းကမ်းများ၊
အတန်းစည်းကမ်းများကို လိုက်နာရမည် ဖြစ်ပါသည်။ ကျောင်းတွင်းသို့ ၀င်သောအခါ
ကျောင်းသားကဒ်များဆွဲခြင်း၊ ကျောင်းတွင်း အတန်းတွင်း သန့်ရှင်းရေးအတွက်
အမှိုက်မချရ၊ တံတွေးမထွေးရ စသည် စည်းကမ်းများကို လိုက်နာခြင်းဖြင့်
သားတို့ သမီးတို့၏ တန်ဖိုးများ မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဤသို့ဖြင့်
စည်းကမ်းနှင့် နေတတ်သော သူတစ်ယောက်ဖြစ်လာမည် ဖြစ်ပါတယ်။
သားတို့ သမီးတို့သည် ပညာသင်ရန်အတွက် တက္ကသိုလ်သို့
လာရောက်ကြခြင်းဖြစ်ပါတယ်။ သူဆိုင်ကယ်စီးလို့ ငါလည်းဝယ်စီးမယ်၊
သူဖုန်းကိုင်ရင် ငါလည်းကိုင်မယ်၊ သူ့အ၀တ်အစားလှလှလေး ၀ယ်ဝတ်လို့ ငါလည်း
ဝယ်ဝတ်မယ်ဆိုပြီး ဂုဏ်တုဂုဏ်ပြိုင် အလှပြိုင်ရန် လာကြခြင်း မဟုတ်ပါ။
ရိုးရိုးယဉ်ယဉ် သန့်ရှင်းသပ်ရပ်စွာဖြင့် ၀တ်စားဆင်ယင်ပါက
လျှပ်ပေါ်လော်လည်မှုကင်း၍ ကုနြေ္ဒသိက္ခာရှိသော ဂုဏ်ယူစရာ တက္ကသိုလ် ကျောင်းသား
ကျောင်းသူ၏ အလှကို ပေါ်လွင်စေမှာ မလွဲဧကန် ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူများ၏ တာဝန်မှာ ကျောင်းမှန်မှန်တက်ရန် ဖြစ်ပါသည်။
ဒါမှသာ သင်ကြားရမည့် ဘာသာရပ်များကို နားလည်သဘောက်ပေါက်၍
မိမိတို့ရည်မှန်းရာ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူအားလုံးကို မဆိုလိုပါ။ ရိုးရိုးအေးအေး နေထိုင်၍
ပညာကို အမှန်တကယ် ကြိုးစားသင်ယူနေသည့် ကျောင်းသား ကျောင်းသူများလည်း
ရှိပါတယ်။ ဒါပေမယ့် တစ်ချို့သော ကျောင်းသား ကျောင်းသူများသည်
ပညာသင်ကြားရေးထက် ပကာသန အလွှာဓနတွေနဲ့ ဂုဏ်တုဂုဏ်ပြိုင်
ဖြစ်နေကြတာတွေ့ရပါတယ်။ ၀တ်စားဆင်ယင်မှုမှာလည်း ယောင်္ကျားလေးများ
နားကပ်တွေဝတ်၊ ဆံပင်တွေကို အရောင်အမျိုးမျိုးဆေးဆိုး၍ မိန်းခလေးများကလည်း
အတို၊ အရှည်မျိုးစုံ အပြိုင်အဆိုင် ကိုးရီးယားစတိုင်တွေနဲ့ တွေ့ရပါတယ်။
ဘူတာတွေ၊ ကားဂိတ်တွေ၊ ရပ်ကွက်ကျေးရွာတွေမှာ တက္ကသိုလ်တက်ရောက်နေသော
ကျောင်းသား၊ ကျောင်းသူများ နှင့် ပြင်ပတွင်နေကြသော သူများကို
မည်သို့ခွဲခြားရမည် မသိသလို ဖြစ်နေရပါတယ်။ သားတို့ သမီးတို့ ခေတ်ဆန်တာကို
အပြစ်မြင်နေတာ မဟုတ်ပါ။ သူနေရာနှင့်သူ နေထိုင် သွားလာပြီး ပတ်ဝန်းကျင်မှ
လေးစားအားကိုးထိုက်သော သူများဖြစ်စေချင်လို့ ဖြစ်ပါတယ်။
သားတို့ သမီးတို့သည် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ပြီးလို့
တက္ကသိုလ်နယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်သဖြင့် ဘယ်လမ်းကိုလျှောက်ရင်
မှန်တယ်၊ မှားတယ် ဆိုတာ ကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်တဲ့
အသိဥာဏ်ရှိသည့် အရွယ်တွေ ဖြစ်ပါတယ်။ နောက်ဆုံးနှစ် တက်ရောက်နေသော
နောင်တော်ကြီးများကလည်း ပထမနှစ်လာရောက် တက်ရောက်သည့် ညီငယ် ညီမငယ်များကို
လမ်းမှန်သို့ ရောက်အောင် လမ်းပြ ခေါ်ဆောင်ပေးရမှာဖြစ်ပါတယ်။
သားတို့ သမီးတို့ကို တက္ကသိုလ်သို့ ပညာသင်ရန် လွတ်လိုက်ရသော
မိခင်ဖခင်တို့မှာ အဝေးတစ်နေရာတွင် ပညာသင်ကြားနေရသော သားသမီးများအတွက်
ငါ့သားက တက္ကသိုလ်မှာတက်နေတဲ့ တက္ကသိုလ်ကျောင်းသားကြီး၊ ငါ့သမီးက တက္ကသိုလ်
ကျောင်းသူကြီးဆိုပြီး အမြဲတမ်းဂုဏ်ယူနေတတ်ပါတယ်။ မိမိတို့၏
အရိပ်အာဝါသအောက်မှ မတတ်သာ၍ သားသမီးပညာရေးအတွက် လွတ်လိုက်ရခြင်းဖြစ်ပါတယ်။
တစ်ချို့တစ်ချို့သော မိဘများမှာ သူတို့တုန်းက မသင်ခဲ့ရသော
မသင်နိုင်ခဲ့သော တက္ကသိုလ်ပညာကို သားသမီးများ သင်ကြားနိုင်ရန်အတွက် နေပူ
မိုးရွာမရှောင် အလုပ်ခွင်တွင် ကြိုးစား၍ သားတို့ သမီးတို့ကို
ပညာသင်ကြားပေးနေခြင်း ဖြစ်ပါတယ်။ မိကိုလက်ယာ၊ ဖကိုလက်ဝဲ ပခုံးထက်တွင်
တင်လျှက် တသက်လုံး လုပ်ကျွေးသော်လည်း မိဘကျေးဇူးကို ကျေအောင်
ဆပ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သားတို့ သမီးတို့ အနေနှင့် မိဘတို့၏
မျှော်လင့်ချက်များ မပျက်ပြားရအောင် ကြိုးစား၍ မိဘတွေကို
စိတ်ချမ်းသာအောင် ထားနိုင်ခြင်းဖြင့် မိဘကျေးဇူးကို ဆပ်ရာလည်း
ရောက်မည်ဖြစ်ပါတယ်။
သားတို့ သမီးတို့သည် တက္ကသိုလ်တွင် ပညာသယ်ယူနေစဉ်အတွင်း ဖွင့်လှစ်သော
ကြက်ခြေနီသင်တန်းများ၊ အားကစားပွဲများ၊ ဟောပြောပွဲများ၊
ဘာသာရေးအသင်းအဖွဲ့များ၊ ကွန်ပူတာသင်တန်းချိန်များ၊ အင်တာနက်လေ့လာခြင်း၊
စာကြည့်တိုက်တွင် စာအုပ် စာပေများဖတ်ရှု့ခြင်းဖြင့် သားတို့ သမီးတို့
ဘ၀ခရီးလမ်းအတွက် အထောက်အပံ့ကောင်းများကို လေ့လာဆည်းပူးရမှာဖြစ်ပါတယ်။
အဲဒီလို တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ပညာကိုလည်း ကြိုးစား၊
တခြားတဘက်တွင် ဗဟုသုတမျိုးစုံ ကုံလုံကြွယ်ဝပါမှ သားတို့ သမီးတို့သည်
နောင်တစ်ချိန်တွင် မိမိတို့ ရပ်ကွက် ကျေးရွာ မြို့နယ်များတွင်
ရှေ့ဆောင်လမ်းပြမည့် လမ်းပြကြယ်များ ဖြစ်လာမှာ ဖြစ်ပါတယ်။
သားတို့သမီးတို့က တက္ကသိုလ် ကျောင်းသား ကျောင်းသူဆိုသော
ဂုဏ်ပုဒ်နဲ့ညီအောင် ကြိုးစားပါမှ မိမိတို့ဒေသရှိ ညီငယ်ညီမငယ်တို့
အတုယူလေးစားအားကြကာ ပညာကို သင်ယူလိုစိတ်၊ ကြိုးစားလိုစိတ်များ
ဖြစ်ပေါ်လာပြီး ပညာပန်းကလေးများ ထာဝရ လန်းဆန်းစွာ
ပွင့်လန်းလာမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် သားတို့ သမီးတို့အတွက် ဆရာဇော်ဂျီ၏ "သင်သေသွားသော်"
ကဗျာကို လက်ဆောင်ပါးလိုက်ပါရစေ။
"သင်သေသွားသော်"
လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ, နာရ, သေရဦးမည်၊
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားရာမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။
ဇော်ဂျီ
လကွယ်ညတွင် မှောင်မိုက်မှုကို ကြယ်ကလေးများ၏ အလင်းရောင်ဖြင့်
လမ်းပြပေးနိုင်သကဲ့သို့ သားတို့ သမီးတို့သည်လည်း ပညာအလင်းရောင်ဖြင့်
မိမိတို့ ရပ်ကွက် ကျေးရွာဒေသများတွင် ဦးဆောင်ဦးရွက် ပြုနိုင်သော
လမ်းပြကြယ်ကလေးများ ဖြစ်ပါစေ။
ထွန်းမြတ်တေဇ(မြန်အောင်)
မှတ်ချက်။ ။၂၀၁၁-၂၀၁၂ ဟင်္သာတ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွင်
ဖော်ပြခြင်းခံရသည့် ကျွန်တော်ရေးသားခဲ့သော ဆောင်းပါးကို
ပြန်လည်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။
စာဖတ်သူမိတ်ဆွေသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ထွန်းမြတ်တေဇ(မြန်အောင်)
You are subscribed to email updates from မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610


From: "☆•❤´¯``သိဂီၤ´¯``❤•☆ -"
Date: 2012/11/25
Subject: [Real Family: 24825] Fwd: မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း-တောသားလေး(မြန်အောင်)
To: စစ်မှန်သောမိသားစု <real-family-mm@googlegroups.com>

No comments:

Post a Comment