Pages

Feb 26, 2013

မတ်လ ၁ ရက်နေ့မှ စတင်ပြီး လယ်ယာ၊ သစ်တော၊ စက်မှုလက်မှု၊ လက်ခစား ထွက်ကုန်များ အပါအ၀င် ပို့ကုန် ၁၅၂ မျိုး၊ စားသောက်ကုန်၊ အီလက်ထရောနစ်၊ စက်အပိုပစ္စည်းများ အပါအ၀င် သွင်းကုန် ၁၆၆ မျိုး လိုင်စင်လျှောက်ထားရန် မလိုဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်

မတ်လ ၁ ရက်နေ့မှ စတင်ပြီး လယ်ယာ၊ သစ်တော၊ စက်မှုလက်မှု၊ လက်ခစား ထွက်ကုန်များ အပါအ၀င် ပို့ကုန် ၁၅၂ မျိုး၊ စားသောက်ကုန်၊ အီလက်ထရောနစ်၊ စက်အပိုပစ္စည်းများ အပါအ၀င် သွင်းကုန် ၁၆၆ မျိုး လိုင်စင်လျှောက်ထားရန် မလိုဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အစ မတ်လဆန်းမှ စတင်ပြီး ပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုး လိုင်စင်လျှောက်ထားရန် မလိုဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ လယ်ယာထွက်ကုန် ပစ္စည်းအုပ်စု၊ စက်မှုလက်မှုနှင့် အခြားအုပ်စု၊ သစ်တောထွက်ကုန် ပစ္စည်းအုပ်စု၊ လက်ခစား အပ်ကုန်အုပ်စု၊ တိရစ္ဆာန်ထွက် ကုန်ပစ္စည်းအုပ်စုဝင် ပို့ကုန်များသည်  လိုင်စင်လျှောက်ထားရန် မလိုဘဲ တင်ပို့နိုင်မည်ဖြစ်သည်။ ထို့အတူ စားသောက်ကုန်အချို့၊ စက်အပိုပစ္စည်းများ၊ အီလက်ထရောနစ် ကုန်ပစ္စည်းများ၊ ပရိဘောဂများ၊ အားကစားသုံး ပစ္စည်းများ၊ လူသုံးကုန် စည်အချို့၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းသံပြားများ၊ အ၀တ်အထည်များ စသည့်သွင်းကုန် ၁၆၆ မျိုးကိုလည်း လိုင်စင်လျှောက်ထားရန် မလိုဘဲ လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခဲ့သည်။

"အလိုအလျောက် လိုင်စင်ထုတ်ပေးနေတဲ့ ပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုးကို အရင်ခွင့်ပြုပေးတာပါ။ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ အရေးကြီးနဲ့ ကန့်သတ်ကုန်စည်တွေက လွဲလို့ ကျန်တဲ့ကုန်စည် အားလုံးကို ခွင့်ပြုသွားမှာပါ" ဟု ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ခွင့်သည် ပထမအဆင့်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့တွင် ဒုတိယအဆင့် ထပ်မံဖြေလျှော့မည် ဖြစ်သည်။ ထိုသို့ဖြေလျှော့ရာတွင် အရေးတကြီး ကုန်စည်များနှင့် ဥပဒေကြောင်းအရ ၀န်ကြီးဌာနမှ တားမြစ်ထားသော ကုန်စည်များမှအပ ကျန်ပို့ကုန် သွင်းကုန် ကုန်စည်များကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်း၍ ခွင့်ပြုပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အရေးကြီးသော တာဝန်တစ်ရပ်မှာ နိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများကို စောင့်ကြည့်လေ့လာ တင်ပြခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေးမူဝါဒ ဆန်းစစ်ရခြင်းမှာလည်း အဖွဲ့ဝင် နိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများ ပွင့်လင်းမြင်သာမှု ရှိရန် အားပေးခြင်းဖြင့် နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်စေရန် ဖြစ်ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ မူလအဖွဲ့ဖြစ်သော GATT အဖွဲ့ စတင်ချိန် ၁၉၄၇ ခုနှစ် ကတည်းက မူလအဖွဲ့ဝင်၂၃ နိုင်ငံတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် ၁၉၉၅ ခုနှစ်တွင် GATT အဖွဲ့မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပြောင်းလဲဖွဲ့စည်းချိန်တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသည် National Enquiry Point for WTO အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အနေဖြင့် ကုန်သွယ်မှုတွင် ခွဲခြားမှု မရှိစေရေး၊ ညှိနှိုင်းဆွေးနွေးမှုများဖြင့် လွတ်လပ်စွာ ကုန်သွယ်မှုကို ဖော်ဆောင်ရေး၊ ပွင့်လင်းမြင်သာမှု ရှိစေရေး၊ မျှတစွာယှဉ်ပြိုင်ရေးကို အားပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အားပေးရေး စသည့် အခြေခံမူများ ချမှတ်ဆောင်ရွက်ချက် ရှိကြောင်းလည်း သိရှိရသည်။


http://www.news-eleven.com/business
--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

No comments:

Post a Comment